ဆယ်ကျော်သက်များအား အသက်အရွယ်အလိုက် သင့်လျော်မှုရှိသော အကြောင်းအရာများကို မြင်တွေ့ရစေရန် ကူညီပေးခြင်း
အပ်ဒိတ်လုပ်ထားသည် ၂၀၂၆၊ မေ ၁၃
ကျွန်ုပ်တို့သည် ဆယ်ကျော်သက်များအား Facebook နှင့် Instagram တွင် အန္တရာယ်ကင်းပြီး အပြုသဘောဆောင်သော သုံးစွဲမှုပုံစံများကို ရရှိစေလိုသည်။ ယင်းတွင် ဆယ်ကျော်သက်များအား ၎င်းတို့၏အသက်အရွယ်အတွက် သင့်လျော်မှုရှိသော အကြောင်းအရာများကို ပြသလျက် တစ်ဖက်တွင်လည်း ၎င်းတို့စိတ်ဝင်စားသည်များကို ရှာဖွေနိုင်စေရန် ၎င်းတို့အား ကူညီပေးခြင်း ပါဝင်သည်။ မသင့်လျော်သော အကြောင်းအရာများကို ဆယ်ကျော်သက်များ မမြင်တွေ့စေရန်အတွက် အဓိကနည်းလမ်းသုံးခုဖြင့် တားဆီးရန် ကျွန်ုပ်တို့လုပ်ဆောင်သည်- အကြောင်းအရာက ကျွန်ုပ်တို့၏စည်းမျဉ်းများကို ချိုးဖောက်သည့်အခါ ၎င်းကို လုံးဝဖယ်ရှားခြင်း၊ အချို့သော ကလေးမကြည့်သင့်သည့် သို့မဟုတ် ထိခိုက်လွယ်သည့် အကြောင်းအရာအမျိုးအစားများကို ဆယ်ကျော်သက်များ မတွေ့အောင် ဖျောက်ထားခြင်းနှင့် ကျွန်ုပ်တို့အကြံပြုသည့်အရာများအတွက် ပိုမိုတင်းကျပ်သော အဟန့်အတား ထားရှိခြင်းတို့ ဖြစ်သည်။
ကျွန်ုပ်တို့သည် ဆယ်ကျော်သက်များအား အန္တရာယ်ကင်းရှင်းပြီး အသက်အရွယ်အလိုက် သင့်လျော်မှုရှိသော သက်ဝင်ခံစားမှုများကို ပေးစွမ်းနိုင်ကြောင်း သေချာစေရန်နှင့် မိဘများ စိတ်အေးရစေရန်အတွက် တတ်နိုင်သမျှ အကောင်းဆုံးသော သုတေသနလေ့လာမှုနှင့် ကျွမ်းကျင်သူအကြံဉာဏ်ကို ပေါင်းစပ်ရန် ကျွန်ုပ်တို့၏ ကိုင်တွယ်ဆောင်ရွက်ပုံကို စဉ်ဆက်မပြတ် တိုးတက်ပြောင်းလဲလျက်ရှိပါသည်။ ကျွန်ုပ်တို့သည် မိသားစုများနှင့် ရင်းနှီးပြီးသားဖြစ်သော သီးခြားလွတ်လပ်သည့် စံနှုန်းတစ်ရပ်နှင့်လည်း ပိုမိုကိုက်ညီစေလိုသောကြောင့် မည်သည့်အကြောင်းအရာများကို ဆယ်ကျော်သက်များ မမြင်အောင် ဖျောက်ထားပြီး မည်သည့်အကြောင်းအရာများအား အကြံပြုမပေးမည်ကို ဆုံးဖြတ်ပေးသည့် အသက်အရွယ် သင့်လျော်မှုနှင့် သက်ဆိုင်သော ကျွန်ုပ်တို့၏ လမ်းညွှန်ချက်များကို ၁၃ နှစ်နှင့်အထက်အတွက် ရုပ်ရှင်အဆင့်သတ်မှတ်ချက်စံနှုန်းများ၊ မိဘများ၏ သဘောထားမှတ်ချက်တို့ဖြင့် တိုက်ဆိုင်၍ ပြန်လည်စိစစ်သုံးသပ်ခဲ့ပါသည်။ ဆိုလိုသည်မှာ အသက်အရွယ်နှင့် သင့်လျော်သည့် ရုပ်ရှင်ကားတစ်ကားတွင် ဆယ်ကျော်သက်များ မြင်တွေ့ရမည့်အရာများနှင့် ဆင်တူသော အကြောင်းအရာများကို Instagram နှင့် Facebook တွင် အလိုအလျောက် မြင်တွေ့နိုင်စေရန်မှာ ကျွန်ုပ်တို့၏ ရည်မှန်းချက်ဖြစ်ပါသည်။
အသက် ၁၃ နှစ်နှင့်အထက်အတွက် သင့်လျော်သည်ဟု အဆင့်သတ်မှတ်ထားသော ရုပ်ရှင်ကားတွင် အရိပ်အမြွက်ပြဆွဲဆောင်သော အကြောင်းအရာအချို့ကို မြင်တွေ့ရနိုင် သို့မဟုတ် ပြင်းထန်သော စကားအသုံးအနှုန်းအချို့ကို ကြားရနိုင်သကဲ့သို့ပင် ဆယ်ကျော်သက်များသည် Instagram သို့မဟုတ် Facebook တွင် ထိုကဲ့သို့သောအရာမျိုးကို ရံဖန်ရံခါ မြင်တွေ့ရနိုင်သည်။ သို့သော် ကျွန်ုပ်တို့သည် ယင်းကဲ့သို့ ဖြစ်ရပ်များကို တတ်နိုင်သမျှ နည်းပါးစေရန် အစွမ်းကုန် ဆက်လက်လုပ်ဆောင်သွားပါမည်။ မည်သည့်စနစ်မျှ ပြီးပြည့်စုံမှုမရှိကြောင်း ကျွန်ုပ်တို့သိရှိနားလည်ပြီး အချိန်နှင့်အမျှ တိုးတက်အောင်လုပ်ရန် သန္နိဋ္ဌာန်ချထားပါသည်။
လူမှုကွန်ရက်နှင့် ရုပ်ရှင်များအကြားတွင် ကွာခြားချက်များစွာ ရှိပါသည်။ ကျွန်ုပ်တို့၏ အကြောင်းအရာ ဆက်တင်များကို မွမ်းမံပြင်ဆင်ချိန်တွင် MPA နှင့် ပူးပေါင်းဆောင်ရွက်ခဲ့ခြင်း မရှိသလို ၎င်းတို့ကလည်း Instagram သို့မဟုတ် Facebook ရှိ မည်သည့်အကြောင်းအရာကိုမျှ အဆင့်သတ်မှတ်ပေးထားခြင်း မရှိသည့်အပြင် ကျွန်ုပ်တို့၏ အကြောင်းအရာ ဆက်တင်များကို တစ်နည်းနည်းဖြင့် ထောက်ခံခြင်း သို့မဟုတ် လက်ခံသဘောတူညီခြင်း မရှိပါ။ ယင်းအစား ကျွန်ုပ်တို့သည် မိဘများနှင့် ရင်းနှီးပြီးသားဖြစ်သည့် MPA ၏ အများမြင် လမ်းညွှန်ချက်များနှင့် မိဘများ၏ သဘောထားမှတ်ချက်များမှ အကြံဉာဏ်ရယူခဲ့ပါသည်။ ကျွန်ုပ်တို့၏ အကြောင်းအရာ စိစစ်ရေးစနစ်များသည် ရုပ်ရှင် အဆင့်သတ်မှတ်ရေး ဘုတ်အဖွဲ့တစ်ခုနှင့် မတူညီသဖြင့် အတွေ့အကြုံများမှာလည်း အတိအကျ တူညီမှု မရှိနိုင်ပါ။
ကာကွယ်မှုအဆင့်များစွာ
လူတိုင်းအတွက်- ကျွန်ုပ်တို့၏ လူမှုစံနှုန်းများကို ချိုးဖောက်သည့် အကြောင်းအရာကို ဖယ်ရှားပါသည်။ ကျွန်ုပ်တို့အကြံပြုသည့် အကြောင်းအရာ အမျိုးအစားအတွက် ပိုမိုတင်းကျပ်သော အဟန့်အတားလည်းရှိသည်။
❌ ကျွန်ုပ်တို့ဖယ်ရှားသည့် အကြောင်းအရာFacebook နှင့် Instagram ၌ ကျွန်ုပ်တို့ ခွင့်မပြုသည့် အကြောင်းအရာအမျိုးအစားများကို ကျွန်ုပ်တို့၏ လူမှုစံနှုန်းများတွင် ဖော်ပြထားသည်။ ဤအကြောင်းအရာကို ကျွန်ုပ်တို့ သတိပြုမိသည့်အခါတိုင်း - ဆယ်ကျော်သက်များ အပါအဝင်- လူတိုင်းအတွက် ၎င်းကို လုံးဝဖယ်ရှားပစ်ပါသည်။ ဤစည်းမျဉ်းများကို ချိုးဖောက်သည့် အကြောင်းအရာကို ဖယ်ရှားသည့်အခါ ကျွန်ုပ်တို့သည် ၎င်းကို မျှဝေခဲ့သည့် အကောင့်တွင်လည်း သတိပေးအချက်ပြမှုကို အသုံးချနိုင်ပြီး ကျွန်ုပ်တို့၏မူဝါဒများကို ထပ်ခါထပ်ခါ သို့မဟုတ် ပြင်းထန်စွာ ချိုးဖောက်သည့် အကောင့်များကို ကျွန်ုပ်တို့ ပိတ်ပင်သည်။ ဤမူဝါဒများသည် ဆယ်ကျော်သက်များအပါအဝင် ကျွန်ုပ်တို့၏လူမှုအဖွဲ့အစည်းအတွင်းရှိ လူတိုင်းကို ကာကွယ်ရန် ရည်ရွယ်သည်။
ကျွန်ုပ်တို့ လုံးဝဖယ်ရှားပစ်သည့် အကြောင်းအရာ အမျိုးအစားများတွင် အောက်ပါတို့ပါဝင်သော်လည်း ၎င်းတို့ဖြင့်သာ ကန့်သတ်မထားပါ-
အနိုင်ကျင့်စော်ကားမှုနှင့် ခေါင်းပုံဖြတ်အမြတ်ထုတ်ခြင်း
ကာယကံရှင်ဆန္ဒမပါသည့် လိင်မှုကိစ္စကို အားပေးသော သို့မဟုတ် ကလေးငယ်များအပေါ် အနိုင်ကျင့်စော်ကားမှု အကြောင်းအရာကို မျှဝေသော သို့မဟုတ် တောင်းဆိုသော ပို့စ်များကဲ့သို့ လူများကို အနိုင်ကျင့်စော်ကားနိုင်သည့် သို့မဟုတ် ခေါင်းပုံဖြတ်အမြတ်ထုတ်နိုင်သည့် အကြောင်းအရာများကို ကျွန်ုပ်တို့ ခွင့်မပြုပါ။ ဥပမာအားဖြင့် အောက်ပါတို့ကို ကျွန်ုပ်တို့ ဖယ်ရှားပါမည်-
❌ ပြည့်တန်ဆာဝန်ဆောင်မှု ကမ်းလှမ်းသော သို့မဟုတ် တစ်စုံတစ်ယောက်အား ၎င်းတို့ထံ ညစ်ညမ်းပုံ ပို့ပေးရန် တောင်းဆိုသော ပို့စ်။
❌ ကာယကံရှင်၏သဘောတူညီချက်မပါဘဲ မျှဝေထားသည့် အတွင်းကျကျ ရိုက်ကူးထားသော သို့မဟုတ် လိင်မှုကိစ္စ ဆောင်ရွက်နေသော လူတစ်ဦးဦး၏ ဓာတ်ပုံ။
❌ကလေးသူငယ်များအပေါ် လိင်ပိုင်းဆိုင်ရာ အနိုင်ကျင့်စော်ကားမှု အကြောင်းအရာ သို့မဟုတ် အဖော်အချွတ်ကလေးများ၏ ပုံရိပ်ကို ကမ်းလှမ်းသော သို့မဟုတ် တောင်းဆိုသော ပို့စ်။မိမိကိုယ်ကို သေကြောင်းကြံစည်မှု၊ မိမိကိုယ်ကို နာကျင်စေမှုနှင့် အစားအသောက် မူမမှန်ခြင်း
ကျွန်ုပ်တို့သည် လူများအား ၎င်းတို့၏ကိုယ်ပိုင်အတွေ့အကြုံများအကြောင်း ဆွေးနွေးရန်နှင့် ပံ့ပိုးကူညီမှု တောင်းခံရန် နေရာပေးစဉ် တစ်ဖက်တွင်လည်း မိမိကိုယ်ကို သေကြောင်းကြံစည်မှု၊ မိမိကိုယ်ကို နာကျင်စေမှု သို့မဟုတ် အစားအသောက် မူမမှန်ခြင်းကို တိုက်တွန်းသည့်၊ အမွှမ်းတင်သည့် သို့မဟုတ် အားပေးသည့် အကြောင်းအရာများကို ခွင့်မပြုပါ။ ဥပမာအားဖြင့် အောက်ပါတို့ကို ကျွန်ုပ်တို့ ဖယ်ရှားပါမည်-
❌ မိမိကိုယ်ကို သေကြောင်းကြံစည်မှု၊ မိမိကိုယ်ကို နာကျင်စေမှု သို့မဟုတ် အစားအသောက် မူမမှန်ခြင်းအကြောင်း အကောင်းဘက်မှပြောဆိုသည့် ပို့စ်။
❌ အနိဋ္ဌာရုံဆန်သော မိမိကိုယ်ကို နာကျင်စေမှုကို ပြသည့် စတိုရီ။
❌အစားအသောက် မူမမှန်ခြင်း ဝေဒနာ ခံစားနေရသည့် တစ်စုံတစ်ယောက်ကို လှောင်ပြောင်သော မှတ်ချက်။
အမုန်းပွားစေသော လုပ်ရပ်၊ အနိုင်ကျင့်ခြင်းနှင့် ထိပါးနှောင့်ယှက်ခြင်း
အနိုင်ကျင့်ခြင်းနှင့် ထိပါးနှောင့်ယှက်ခြင်း အပါအဝင် ခြိမ်းခြောက်ခြင်း သို့မဟုတ် ဖယ်ကြဉ်ခြင်းရှိသည့် ပတ်ဝန်းကျင်တစ်ခုကို ဖြစ်ပေါ်စေသော အကြောင်းအရာများကို ကျွန်ုပ်တို့ ခွင့်မပြုပါ။ ဥပမာအားဖြင့် အောက်ပါတို့ကို ကျွန်ုပ်တို့ ဖယ်ရှားပါမည်-
❌ လူမျိုး၊ ကိုးကွယ်သည့်ဘာသာ၊ လူမျိုးစု၊ လိင်စိတ်ခံယူချက် သို့မဟုတ် လိင်စိတ်တိမ်းညွတ်မှုပေါ်အခြေခံ၍ လူများအား ဂုဏ်သိက္ခာနှိမ့်ချသော စကားကို အသုံးပြု၍ ပြောဆိုရေးသားထားသည့် ပို့စ်။
❌ လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှုကြောင့် နစ်နာခဲ့ရသူများကို လှောင်ပြောင်သော မှတ်ချက်။
❌ မည်သူမည်ဝါ အထောက်အထားပြ အချက်အလက် (ပတ်စ်ပို့နံပါတ်ကဲ့သို့) ကို ထုတ်ပြောရန် ခြိမ်းခြောက်သည့် သို့မဟုတ် တစ်စုံတစ်ဦးအပေါ် ထိပါးနှောင့်ယှက်ရန် လှုံ့ဆော်သည့် ပို့စ်။
ကန့်သတ်ထားသော ထုတ်ကုန်နှင့်ဝန်ဆောင်မှုများ
ကန့်သတ်ထားသော ထုတ်ကုန်နှင့်ဝန်ဆောင်မှုအချို့ကို ဝယ်ခြင်း၊ ရောင်းခြင်း သို့မဟုတ် ရောင်းဝယ်ခြင်းကို ကျွန်ုပ်တို့၏ပလက်ဖောင်းများတွင် ခွင့်မပြုပါ။ ကျွန်ုပ်တို့သည် လူများအား အချို့သော ပစ္စည်းအမျိုးအစားများကို ကြော်ငြာရန် သို့မဟုတ် ၎င်းတို့အတွက် အသုံးပြုနည်း ညွှန်ကြားချက်များပေးရန်လည်း ခွင့်မပြုပါ။ ဥပမာအားဖြင့် အောက်ပါတို့ကို ကျွန်ုပ်တို့ ဖယ်ရှားပါမည်-
❌ မူးယစ်ဆေးဝါးအမျိုးမျိုးကို ဝယ်ရန်၊ ရောင်းရန် သို့မဟုတ် ရောင်းဝယ်ရန် ကမ်းလှမ်းသော စတိုရီ။
❌ ဆေးရွက်ကြီး၊ နီကိုတင်း သို့မဟုတ် အရက်ကို ဝယ်ရန်၊ ရောင်းရန် သို့မဟုတ် ရောင်းဝယ်ရန် ကြံရွယ်နေသော ပို့စ်
❌ 3D ပုံနှိပ်ထားသော သေနတ်အစိတ်အပိုင်းများကို ကမ်းလှမ်းသည့် မှတ်ချက်။ကန့်သတ်ထားသော ထုတ်ကုန်အမျိုးအစားအချို့ကို တရားဝင်ကမ်းလှမ်းသည့် ဥပဒေနှင့်အညီ လုပ်ဆောင်သော လုပ်ငန်းများအတွက် ခြွင်းချက်အချို့ ထားရှိပေးသည်။
ခြိမ်းခြောက်မှုရှိသော အနိဋ္ဌာရုံမြင်ကွင်း
လွန်ကဲသော အနိဋ္ဌာရုံ မြင်ကွင်း သို့မဟုတ် လူများအား အကြမ်းဖက်ရန် ခြိမ်းခြောက်မှုများကဲ့သို့ လူပုဂ္ဂိုလ်၏ အန္တရာယ်ကင်းရှင်းရေးအပေါ် ခြိမ်းခြောက်မှု ဖြစ်လာနိုင်သည့် အကြောင်းအရာကို ကျွန်ုပ်တို့ ခွင့်မပြုပါ။ ဥပမာအားဖြင့် အောက်ပါတို့ကို ကျွန်ုပ်တို့ ဖယ်ရှားပါမည်-
❌ အခြားလူတစ်ဦးကို သတ်ရန် သို့မဟုတ် ပြန်ပေးဆွဲရန် ခြိမ်းခြောက်သော သို့မဟုတ် အကြမ်းဖက်မှု ကျူးလွန်ရန် လူတစ်ဦးက အခြားသူများအား တိုက်တွန်းသော ပို့စ်။
❌ လူတစ်ဦး သေရာပါ ဒဏ်ရာရနေခြင်း သို့မဟုတ် ဆိုးရွားပြင်းထန်စွာ မီးလောင်နေခြင်းကို ပြသော အနိဋ္ဌာရုံ ဗီဒီယို။
အနိဋ္ဌာရုံ မြင်ကွင်းကို ဆေးဘက်ဆိုင်ရာ အခြေအနေများတွင် သို့မဟုတ် လူများပိုမိုသတိပြုမိစေရန် မျှဝေသည့်အခါတွင် ၎င်းတို့အတွက် ခြွင်းချက်အချို့ ထားရှိပေးသည်။ အနိဋ္ဌာရုံ မြင်ကွင်းကို ကျွန်ုပ်တို့ ခွင့်ပြုလိုက်ပါက ပုံမှန်အားဖြင့် ထိုအကြောင်းအရာကို လူများနှိပ်မကြည့်မီတွင် ထိခိုက်လွယ်နိုင်ကြောင်း ၎င်းတို့အား အသိပေးရန် သတိပေးချက် မျက်နှာပြင်တစ်ခုဖြင့် ဖုံးအုပ်ထားသည်။
အဖော်အချွတ်၊ လိင်မှုကိစ္စနှင့် လိင်ပိုင်းဆိုင်ရာ ညစ်ညမ်းရိုင်းစိုင်းသော စကားအသုံးအနှုန်း
အဖော်အချွတ် သို့မဟုတ် လိင်မှုကိစ္စအပြင် လိင်ပိုင်းဆိုင်ရာ ညစ်ညမ်းရိုင်းစိုင်းသော စကားအသုံးအနှုန်း ပြသမှုကို ကျွန်ုပ်တို့ ကန့်သတ်သည်။ ဥပမာအားဖြင့် အောက်ပါတို့ကို ကျွန်ုပ်တို့ ဖယ်ရှားပါမည်-
❌ AI ဖြင့် ဖန်တီးထားသည့်အခါ အပါအဝင် အဖော်အချွတ် သို့မဟုတ် ညစ်ညမ်းရိုင်းစိုင်းသော လိင်မှုကိစ္စ ပါဝင်သော ရုပ်ပုံ သို့မဟုတ် ဗီဒီယို။
❌ ကာမဆက်ဆံမှုများကို ရှင်းလင်းစွာ သို့မဟုတ် ကွက်ကွက်ကွင်းကွင်း ဖော်ပြချက်များပါသော စတိုရီ (ဟာသ သို့မဟုတ် သရော်ခြင်း မဟုတ်လျှင်)
ဆန္ဒပြသည့်ပုံစံ၊ အကြောင်းကိစ္စတစ်ခုနှင့်ပတ်သက်၍ အသိပညာပေးမြှင့်တင်ရန် သို့မဟုတ် ပညာရေးဆိုင်ရာ သို့မဟုတ် ဆေးဘက်ဆိုင်ရာ အကြောင်းရင်းများ အပါအဝင် အကြောင်းရင်းအမျိုးမျိုးအတွက် အဖော်အချွတ်ပုံကို မျှဝေနိုင်ကြောင်း ကျွန်ုပ်တို့နားလည်ပါသည်။ ကျိုးကြောင်းဆီလျော်ပြီး ယင်းရည်ရွယ်ချက်မှာ ထင်ရှားပါက ဤအကြောင်းအရာကို ကျွန်ုပ်တို့ခွင့်ပြုပေးပါသည်။
ကျွန်ုပ်တို့ဖယ်ရှားသည့် အကြောင်းအရာနှင့်ပတ်သက်၍ အသေးစိတ်အပြည့်အစုံအတွက် ကျွန်ုပ်တို့၏ လူမှုစံနှုန်းများကို ကြည့်ပါ။
🛡️ ကျွန်ုပ်တို့ အကြံမပြုပေးသည့် အကြောင်းအရာလူများအား ၎င်းတို့စိတ်ဝင်စားနိုင်သည့် အကြောင်းအရာအသစ်များကို ရှာဖွေနိုင်စေရန် Instagram ၏ Reels သို့မဟုတ် စူးစမ်းဖွေရှာ သို့မဟုတ် Facebook အလင်းစဉ်ကဲ့သို့ နေရာများတွင် ကျွန်ုပ်တို့ အကြံပြုချက်များ ပေးသည်။ ကျွန်ုပ်တို့တွင် အကြံပြုနိုင်သည့် အကြောင်းအရာ အမျိုးအစားနှင့်ပတ်သက်၍ လမ်းညွှန်ချက်များရှိပြီး အကြောင်းအရာက ဖယ်ရှားရလောက်သည်အထိ မဆိုးရွားသော်လည်း အရည်အသွေးနိမ့်နိုင်သော၊ ကန့်ကွက်စရာဖြစ်နိုင်သော သို့မဟုတ် အထူးထိခိုက်လွယ်နိုင်သော အကြံပြုချက်များပေးခြင်းကို ရှောင်သည်။ အကြောင်းမှာ လူများအား ၎င်းတို့ စောင့်ကြည့်ရန် ရွေးချယ်မထားသည့် အကောင့်များမှ အကြောင်းအရာများကို ပြသည့်အခါ ပိုမိုတင်းကျပ်သော စံနှုန်းများ ရှိသင့်သည်ဟု ကျွန်ုပ်တို့ယူဆသောကြောင့် ဖြစ်သည်။
⚠️ ဆယ်ကျော်သက်များအတွက် ကျွန်ုပ်တို့ဖျောက်ထားသည့် ထပ်ဆောင်း အကြောင်းအရာများ
ဆယ်ကျော်သက်များ- ကျွန်ုပ်တို့သည် ၁၈ နှစ်အောက် ဆယ်ကျော်သက်များအတွက် အပိုဆောင်းကာကွယ်မှုများကို ပေးသည်။ လူတိုင်းအတွက် ကျွန်ုပ်တို့ဖယ်ရှားထားသည့် အကြောင်းအရာများအပြင် နောက်ထပ် အကြောင်းအရာများကို ကျွန်ုပ်တို့ ဖျောက်ပစ်မည်ဖြစ်ပြီး အရွယ်ရောက်ပြီးသူများထံ အကြံပြုနိုင်သော အကြောင်းအရာမျိုးကိုလည်း ဆယ်ကျော်သက်များထံ အကြံပြုပေးမည် မဟုတ်ပါ။ ကျွန်ုပ်တို့၏ ရည်မှန်းချက်မှာ အသက်အရွယ်နှင့် သင့်လျော်သည့် ရုပ်ရှင်ကားတစ်ကားတွင် မြင်တွေ့ရမည့်အရာများနှင့် ဆင်တူသော အကြောင်းအရာများကို ဆယ်ကျော်သက်များက Instagram နှင့် Facebook တွင် ပုံသေအားဖြင့် မြင်တွေ့နိုင်စေရန်ဖြစ်သည်။ ဆယ်ကျော်သက်များသည် နောက်ထပ် အကြောင်းအရာဟုခေါ်သည့် လွတ်လပ်ခွင့်ပိုပေးသော တတိယ ဆက်တင်ကို မိဘတစ်ဦး၏ ခွင့်ပြုချက်ဖြင့်သာ အသုံးပြုနိုင်သည်။ Instagram တွင် ဆယ်ကျော်သက်များ သို့မဟုတ် ၎င်းတို့၏မိဘများသည် ကန့်သတ်အကြောင်းအရာဟုခေါ်သည့် ပိုမိုတင်းကျပ်ထားသော ဆက်တင်ကိုလည်း ရွေးချယ်နိုင်သည်။
၁၃ နှစ်နှင့်အထက် (ပုံသေ)- ၁၃ နှစ်နှင့်အထက် အကြောင်းအရာ ဆက်တင်ကို အသက် ၁၃ နှစ်နှင့်အထက်အတွက် ရုပ်ရှင်အဆင့်သတ်မှတ်ချက်စံနှုန်းများနှင့် မိဘများ၏ သဘောထားမှတ်ချက်မှ အကြံဉာဏ်ရယူထားပြီး ဆယ်ကျော်သက်များအတွက် ပုံသေဖွင့်ထားပေးပါသည်။ အရွယ်ရောက်ပြီးသူများအတွက် သင့်လျော်နိုင်သော်လည်း အသက် ၁၈ နှစ်အောက် ဆယ်ကျော်သက်များအတွက် မကြည့်ရှုသင့်သည့်အရာများမှာ မည်သည့်အကြောင်းအရာမျိုး ဖြစ်နိုင်ကြောင်း ပိုမိုသိရှိနားလည်နိုင်ရန် ကျွန်ုပ်တို့သည် ကမ္ဘာတစ်ဝန်းမှ လူငယ်ဆိုင်ရာ ကျွမ်းကျင်သူများနှင့် လက်တွဲလုပ်ဆောင်ခဲ့ပြီး ဤအသက်အရွယ် သင့်လျော်မှုနှင့် သက်ဆိုင်သော အဆိုပါ လမ်းညွှန်ချက်များကို ၁၃ နှစ်နှင့်အထက်အတွက် ရုပ်ရှင်အဆင့်သတ်မှတ်ချက်စံနှုန်းများ၊ မိဘများ၏ သဘောထားမှတ်ချက်များနှင့် တိုက်ဆိုင်၍ ပြန်လည်စိစစ်သုံးသပ်ခဲ့ပါသည်။ ဤဆက်တင်တွင် လူတိုင်းအတွက် ကျွန်ုပ်တို့ ဖယ်ရှားထားပြီးဖြစ်သော အရာများအပြင် ထပ်ဆောင်း အကြောင်းအရာများကို ဆယ်ကျော်သက်များမတွေ့အောင် ဖျောက်ထားပါမည်။ Facebook တွင် ၁၃ နှစ်နှင့်အထက် ဆက်တင်နှင့် ဆက်စပ်အကာအကွယ်များကို အဆင့်ဆင့် မိတ်ဆက်နေပါသည်။ ၁၃ နှစ်နှင့်အထက် ဆက်တင်သည် အသက်အရွယ်နှင့် မသင့်လျော်သော အကြောင်းအရာများကို အဓိကမျှဝေသည့် ပရိုဖိုင်များနှင့် စာမျက်နှာများအား ဆယ်ကျော်သက်များ၏ ထိတွေ့တုံ့ပြန်မှုကို ကန့်သတ်ပါမည်။ ဆိုလိုသည်မှာ အရွယ်ရောက်ပြီးသူများက ဤအကြောင်းအရာကို ကြည့်ရှုနိုင်သေးသော်လည်း ဆယ်ကျော်သက်များသည် ၎င်းတို့စောင့်ကြည့်သည့် အကောင့်တစ်ခုက အလင်းစဉ် သို့မဟုတ် စတိုရီတွင် မျှဝေထားခြင်း ဖြစ်သည့်တိုင် ထိုအကြောင်းအရာမျိုးကို မြင်နိုင်မည်မဟုတ်ပါ သို့မဟုတ် ယင်းနှင့် တုံ့ပြန်ဆက်သွယ်နိုင်မည်မဟုတ်ပါ။ အသက်အရွယ်နှင့်မသင့်လျော်သော အကြောင်းအရာများကို အဓိကမျှဝေသည့် အကောင့်များအား ရှာဖွေခြင်း၊ စောင့်ကြည့်ခြင်းနှင့် ၎င်းတို့နှင့်ထိတွေ့တုံ့ပြန်ခြင်းမှလည်း ဆယ်ကျော်သက်များကို တားဆီးထားပါမည်။
ဤပုံသေဆက်တင်တွင် ဆယ်ကျော်သက်များအတွက် ကျွန်ုပ်တို့ဖျောက်ထားမည့် အကြောင်းအရာအမျိုးအစားအချို့ကို ကြည့်ရန် ဤနေရာကို နှိပ်ပါ
မိမိကိုယ်ကို သေကြောင်းကြံစည်မှု၊ မိမိကိုယ်ကို နာကျင်စေမှုနှင့် အစားအသောက် မူမမှန်ခြင်း
စိတ်သောကဖြစ်စေနိုင်သော သို့မဟုတ် ထိခိုက်လွယ်နိုင်သော အကြောင်းအရာများကို ဆယ်ကျော်သက်များ မမြင်တွေ့ရစေအောင် ကာကွယ်ရန် မိမိကိုယ်ကို သေကြောင်းကြံစည်မှုနှင့် နာကျင်စေမှုဆိုင်ရာ အကြောင်းအရာအချို့ကို ကျွန်ုပ်တို့ ဖျောက်ထားပါသည်။ ဥပမာအားဖြင့် အောက်ပါတို့ကို ကျွန်ုပ်တို့ အသက်ကန့်သတ်ပါမည်-
⚠️ ပြန်လည်နာလန်ထူလာသည့် အခြေအနေတွင် ဖော်ပြသည်မှလွဲ၍ တစ်စုံတစ်ယောက်က မိမိကိုယ်ကို သေကြောင်းကြံစည်မှု၊ မိမိကိုယ်ကို နာကျင်စေမှု သို့မဟုတ် အစားအသောက် မူမမှန်ခြင်းနှင့်ပတ်သက်၍ ကိုယ်တိုင်ကြုံတွေ့ရသည်များကို ဖော်ပြသည့်ပို့စ်။
⚠️ ဆေးရုံတစ်ခုတွင် လူများက ညင်သာစွာ ဇီဝိန်ခြွေပေးခြင်း သို့မဟုတ် မိမိကိုယ်ကို သေကြောင်းကြံစည်ရန် ကူညီပေးခြင်းတွင် ပါဝင်ဆောင်ရွက်နေသည်ကို ပြထားသည့် ဓာတ်ပုံ သို့မဟုတ် ဗီဒီယို။
⚠️ တစ်စုံတစ်ဦးက ၎င်းကိုယ်တိုင် အလွန်အမင်း ကိုယ်အလေးချိန်လျှော့ချခြင်း လုပ်ဆောင်နေကြောင်း ပြောနေသည့် စတိုရီ။
ကန့်သတ်ထားသော ထုတ်ကုန်နှင့်ဝန်ဆောင်မှုများ
အန္တရာယ်ဖြစ်နိုင်ခြေရှိသော လှုပ်ရှားဆောင်ရွက်မှုများတွင် ပါဝင်ရန် ဆယ်ကျော်သက်များအား လွှမ်းမိုးနိုင်သည့် အကြောင်းအရာများကို ၎င်းတို့ မမြင်ရအောင် ကျွန်ုပ်တို့ ဖျောက်ထားပါသည်။ ဥပမာအားဖြင့် အောက်ပါတို့ကို ကျွန်ုပ်တို့ အသက်ကန့်သတ်ပါမည်-
⚠️ ဥပဒေနှင့်အညီ ဆိုင်ခန်းဖွင့်ရောင်းချသည့် လုပ်ငန်းတစ်ခုက မျှဝေသည့်အခါ ဆေးရွက်ကြီး၊ နီကိုတင်းထုတ်ကုန်များ၊ အရက် သို့မဟုတ် သေနတ်များကို ရောင်းချရန် ကမ်းလှမ်းသော ပို့စ်။
⚠️ စိတ်ကိုလှည့်စားသော အာနိသင်ရှိသည့် ဆေးဝါးများ (အင်သီအိုဂျင်အဖြစ်လည်း သိကြသည်) သို့မဟုတ် ဆေးခြောက်ထုတ်ကုန်များကို သုံးစွဲရန် လူများအား တိုက်တွန်းသော စတိုရီ။
⚠️ အရက်ပါဝင်သော သောက်စရာများအတွက် ဖျော်စပ်နည်းများပါသော ရုပ်ပုံများ
⚠️ ကိုယ်အလေးချိန်ကျစေသော ထုတ်ကုန်များ သို့မဟုတ် ဝန်ဆောင်မှုများကို ရောင်းချသည့် ပို့စ်။
ခြိမ်းခြောက်မှုရှိသော အနိဋ္ဌာရုံမြင်ကွင်း
အနိဋ္ဌာရုံနှင့် စိတ်အနှောင့်အယှက်ဖြစ်စေသော ပုံရိပ်အများစုကို အရွယ်ရောက်ပြီးသူများအတွက် သတိပေးချက် မျက်နှာပြင်တစ်ခုနောက်တွင် ထားရှိ၍ ကျွန်ုပ်တို့ခွင့်ပြုပေးမည်ဖြစ်သော်လည်း ၎င်းတို့ကို ဆယ်ကျော်သက်များ မမြင်ရအောင် ကျွန်ုပ်တို့ ဖျောက်ထားပါမည်။ ဥပမာအားဖြင့် အောက်ပါတို့ကို ကျွန်ုပ်တို့ အသက်ကန့်သတ်ပါမည်-
⚠️ ဆိုးရွားပြင်းထန်စွာ မီးလောင်ကျွမ်းနေသော လူပုဂ္ဂိုလ်တစ်ဦး၏ ဓာတ်ပုံ။ ၎င်းကို အရွယ်ရောက်ပြီးသူများအတွက် သတိပေးချက် မျက်နှာပြင်တစ်ခုဖြင့် ကျွန်ုပ်တို့ ဖုံးအုပ်ထားပါမည်။
⚠️ ပစ်ခတ်မှုများ၊ လူမဆန်မှု သို့မဟုတ် အကြီးအကျယ် ကားတိုက်မှုများပါရှိသော ဓာတ်ပုံ သို့မဟုတ် ဗီဒီယို။
အဖော်အချွတ်၊ လိင်မှုကိစ္စနှင့် လိင်ပိုင်းဆိုင်ရာ ညစ်ညမ်းရိုင်းစိုင်းသော စကားအသုံးအနှုန်း
ညစ်ညမ်းရိုင်းစိုင်းသော အဖော်အချွတ် သို့မဟုတ် လိင်မှုကိစ္စ မပါဝင်သော်လည်း လိင်ပိုင်းဆိုင်ရာ အရိပ်အမြွက်ပြသည်ဟု ယူဆနိုင်သည့် ထပ်ဆောင်း အကြောင်းအရာများကို ဆယ်ကျော်သက်များ မတွေ့အောင် ကျွန်ုပ်တို့ဖျောက်ထားသည်။ ဥပမာအားဖြင့် အောက်ပါတို့ကို ကျွန်ုပ်တို့ အသက်ကန့်သတ်ပါမည်-
⚠️ ဒစ်ဂျစ်တယ်အပေါ်လွှာဖြင့် ဖုံးအုပ်ထားသည့် အဖော်အချွတ်ကဲ့သို့ အဖော်အချွတ်ဖြစ်လုနီးပါး ပို့စ်။
⚠️ တစ်စုံတစ်ဦး၏ တင်ပါးကို ပုံချဲ့ထားသည့် ဓာတ်ပုံ။
⚠️ လိင်ပိုင်းဆိုင်ရာ တင်စားမှုများ အသုံးပြုခြင်းအပါအဝင် ကာမဆက်ဆံမှုကို ဖော်ပြသည့် လိင်ပိုင်းဆိုင်ရာ အရိပ်အမြွက်ပြသော စကားအသုံးအနှုန်းပါသည့် စတိုရီ။
ကျွန်ုပ်တို့ဖယ်ရှားသည့် အကြောင်းအရာနှင့်ပတ်သက်၍ အသေးစိတ်ပြည့်ပြည့်စုံစုံသိလိုပါက ကျွန်ုပ်တို့၏ လူမှုစံနှုန်းများကို ကြည့်ပါ။
အသက် ၁၃ နှစ်နှင့်အထက်အတွက် ရုပ်ရှင်အဆင့်သတ်မှတ်ချက်စံနှုန်းများ၊ မိဘများ၏ သဘောထားမှတ်ချက်များနှင့် ကိုက်ညီသည့်တိုင် နောက်ထပ်အကြောင်းအရာ အမျိုးအစားများကို အကြံပြုပေးမည် မဟုတ်ပါ။ အရွယ်ရောက်ပြီးသူများအား ကျွန်ုပ်တို့အကြံပြုမပေးသည့် အကြောင်းအရာအများစုကို ဆယ်ကျော်သက်များမမြင်ရစေရန် လုံးဝဖျောက်ထားပြီးဖြစ်သော်လည်း ကျွန်ုပ်တို့သည် ဆယ်ကျော်သက်များအတွက် ပိုမိုတင်းကျပ်သောအဆင့်များကို လုပ်ဆောင်ပြီး လိင်ပိုင်းဆိုင်ရာ သွယ်ဝိုက်ညွှန်ပြခြင်း၊ ပြင်းပြင်းထန်ထန် ဆဲဆိုခြင်း သို့မဟုတ် အမြင့်မှခုန်ချခြင်းကဲ့သို့သော အန္တရာယ်များသည့် စတန့်များအဖြစ် ရှုမြင်နိုင်သည့် ဓာတ်ပုံ သို့မဟုတ် ဗီဒီယိုများ စသည့် ထပ်ဆောင်း အကြောင်းအရာ အမျိုးအစားများကိုလည်း အကြံပြုပေးမည် မဟုတ်ပါ။
ကန့်သတ်အကြောင်းအရာ- Instagram တွင် အပိုဆောင်းထိန်းချုပ်မှုများကို ပြုလုပ်လိုသည့် မိဘများအတွက် ကန့်သတ်အကြောင်းအရာဟုခေါ်သည့် ပို၍ကန့်သတ်ချုပ်ချယ်သော ဆက်တင်အသစ်ကို ကျွန်ုပ်တို့ မိတ်ဆက်ထားသည်။ ကန့်သတ်အကြောင်းအရာ ဆက်တင်ကို ဖွင့်ထားသည့်အခါ နောက်ထပ် အကြောင်းအရာကို ဆယ်ကျော်သက်အကောင့် အသုံးပြုမှုပုံစံမှ ဖျောက်ထားရန် ကျွန်ုပ်တို့၏ အကြောင်းအရာ စစ်ထုတ်ချက်များကို ပို၍ပြင်းထန်စွာ ကျင့်သုံးပါမည်။ ကျွန်ုပ်တို့သည် ရှာဖွေမှုရလဒ်များကိုလည်း ပို၍ကန့်သတ်ပြီး ပို့စ်များအောက်တွင် မှတ်ချက်များအား ဆယ်ကျော်သက်များ၏ မြင်နိုင်မှု၊ မှတ်ချက်ချန်ထားနိုင်မှု သို့မဟုတ် လက်ခံရရှိနိုင်မှုကို ပိတ်ပါမည်။
နောက်ထပ် အကြောင်းအရာ- ဆယ်ကျော်သက်များသည် မိဘ၏ခွင့်ပြုချက်ရရှိမှသာ 'နောက်ထပ် အကြောင်းအရာ' ဆက်တင်သို့ ပြောင်းနိုင်သည်။ မိဘများက မိဘအုပ်ထိန်းသူ ကြီးကြပ်ရေးမှတစ်ဆင့်သာ ခွင့်ပြုချက်ပေးနိုင်သည်။ ဤဆက်တင်တွင် အရွယ်ရောက်ပြီးသူများအတွက် ကျွန်ုပ်တို့လုပ်ဆောင်သည်ထက် ပို၍တင်းကျပ်စွာဖြင့် နောက်ထပ် အကြောင်းအရာကို ဆယ်ကျော်သက်များမတွေ့အောင် ဖျောက်ပေးသည့် အလိုအလျောက် ကာကွယ်မှုများမှတစ်ဆင့် ဆယ်ကျော်သက်များ ဆက်လက်အကျိုးရှိမည်ဖြစ်ပြီး အကြောင်းအရာသည် ကျွန်ုပ်တို့၏လူမှုစံနှုန်းများကို ချိုးဖောက်ပါက ၎င်းကို ကျွန်ုပ်တို့လုံးဝဖယ်ရှားပါမည်။ သို့သော် ဆယ်ကျော်သက်များအား ၁၃ နှစ်အထက်နှင့် ကန့်သတ်အကြောင်းအရာ ဆက်တင်များတွင် မရှိမည့် အကြောင်းအရာအချို့ကို အကြံပြုနိုင်ပြီး ကျွန်ုပ်တို့အနေဖြင့် အသက်အရွယ်နှင့်မသင့်လျော်သော အကြောင်းအရာကို မျှဝေသည့် အကောင့်တစ်ခုလုံးကို ဖျောက်ထားမည်မဟုတ်ပါ။
သတိပေးချက်- လူမှုကွန်ရက်နှင့် ရုပ်ရှင်များအကြားတွင် ကွာခြားချက်များစွာ ရှိပါသည်။ ကျွန်ုပ်တို့၏ အကြောင်းအရာ ဆက်တင်များကို မွမ်းမံပြင်ဆင်ချိန်တွင် MPA နှင့် ပူးပေါင်းဆောင်ရွက်ခဲ့ခြင်း မရှိသလို ၎င်းတို့ကလည်း Instagram နှင့်/သို့မဟုတ် Facebook ရှိ မည်သည့်အကြောင်းအရာကိုမျှ အဆင့်သတ်မှတ်ပေးထားခြင်း မရှိသည့်အပြင် ကျွန်ုပ်တို့၏ အကြောင်းအရာ ဆက်တင်များကို တစ်နည်းနည်းဖြင့် ထောက်ခံခြင်း သို့မဟုတ် လက်ခံသဘောတူညီခြင်း မရှိပါ။ ယင်းအစား ကျွန်ုပ်တို့သည် မိဘများနှင့် ရင်းနှီးပြီးသားဖြစ်သည့် MPA ၏ အများမြင် လမ်းညွှန်ချက်များနှင့် မိဘများ၏ သဘောထားမှတ်ချက်များမှ အကြံဉာဏ်ရယူခဲ့ပါသည်။ ကျွန်ုပ်တို့၏ အကြောင်းအရာ စိစစ်ရေးစနစ်များသည် ရုပ်ရှင် အဆင့်သတ်မှတ်ရေး ဘုတ်အဖွဲ့တစ်ခုနှင့် မတူညီသဖြင့် အတွေ့အကြုံများမှာလည်း အတိအကျ တူညီမှု မရှိနိုင်ပါ။
စည်းကမ်းချိုးဖောက်သော အကြောင်းအရာကို တိုင်ကြားနည်း
ကျွန်ုပ်တို့၏စည်းမျဉ်းများကို ချိုးဖောက်သည့် အကြောင်းအရာများကို ကျွန်ုပ်တို့ ခွဲခြားဖော်ထုတ်ရန် ကြိုးစားပြီး ကျွန်ုပ်တို့ဖယ်ရှားသည့် အကြောင်းအရာအများစုကို ကျွန်ုပ်တို့ထံ မတိုင်ကြားမီ ကျွန်ုပ်တို့၏နည်းပညာသုံး၍ ကြိုတင်ရှာဖွေပါသည်။ ကျွန်ုပ်တို့သတိမပြုမိလိုက်သည့် တစ်စုံတစ်ရာကို သင်မြင်တွေ့ပါက Facebook တွင်ဖြစ်စေ၊ Instagram တွင်ဖြစ်စေ၊ ၎င်းကို တိုင်ကြားပြီး ကျွန်ုပ်တို့၏ပလက်ဖောင်းများကို အန္တရာယ်ပိုကင်းသော နေရာတစ်ခုဖြစ်အောင် ကူညီပါ။ တိုင်ကြားချက်အားလုံးကို အမည်ဖော်ပြခြင်းမရှိပါ။
ထပ်ဆောင်းအရင်းအမြစ်များ
ကျွန်ုပ်တို့၏လူမှုစံနှုန်းများတွင် မူဝါဒနယ်ပယ်တစ်ခုစီအတွက် ကျွန်ုပ်တို့ဖယ်ရှားပြီး အသက်ကန့်သတ်သည့် အကြောင်းအရာအမျိုးအစားများနှင့်ပတ်သက်၍ အသေးစိတ်အချက်အလက်များ ပါရှိသည်။ ၎င်းတို့ကို ဖတ်ရန် ဤနေရာတွင် နှိပ်ပါ။
ဆယ်ကျော်သက်များက အရွယ်ရောက်ပြီးသူတစ်ဦးအား ထပ်ခါထပ်ခါ ပိတ်ပင်ထားခြင်း သို့မဟုတ် တိုင်ကြားထားခြင်း သို့မဟုတ် အရွယ်ရောက်ပြီးသူတစ်ဦးက စည်းကမ်းချိုးဖောက်သော အကြောင်းအရာကို ထပ်ခါထပ်ခါ ရှာဖွေနေခြင်းကဲ့သို့ သံသယဖြစ်ဖွယ် အရွယ်ရောက်ပြီးသူများကို ကြိုတင်ဖော်ထုတ်နိုင်သည့် နည်းပညာကိုလည်း ကျွန်ုပ်တို့ တီထွင်ဖန်တီးထားပါသည်။ ကျွန်ုပ်တို့သည် သံသယဖြစ်ဖွယ် အရွယ်ရောက်ပြီးသူများကို ဆယ်ကျော်သက်များအား အကြံပြုမည်မဟုတ်ဘဲ ဆယ်ကျော်သက်များကိုလည်း သံသယဖြစ်ဖွယ် အရွယ်ရောက်ပြီးသူများအား အကြံပြုမည်မဟုတ်ပါ။ ယင်းအကြောင်းအရာနှင့်ပတ်သက်၍ ဤနေရာတွင် သင် ပိုမိုဖတ်ရှုနိုင်သည်။
ကျွန်ုပ်တို့၏လူမှုအဖွဲ့အစည်းကို ဘေးကင်းလုံခြုံစေရန် ကျွန်ုပ်တို့ကူညီပေးသည့် နည်းလမ်းများအကြောင်းကို ကျွန်ုပ်တို့၏ ဘေးကင်းလုံခြုံရေးစင်တာတွင်ဖြစ်စေ၊ ဆယ်ကျော်သက်များနှင့် မိသားစုများအား ကျွန်ုပ်တို့ပံ့ပိုးကူညီသည့် နည်းလမ်းများကို ကျွန်ုပ်တို့၏ မိသားစုစင်တာတွင်ဖြစ်စေ ပိုမိုဖတ်ရှုနိုင်သည်။